GTU Online
Wednesday, December 29, 2010
RITကျောင်းသူ
Blog တစ်ခုကို အမှတ်မထင် ရောက်သွားရာက နေ ဖတ်ကြည့်လိုက်တော့ R.I.T တစ်ကျောင်းထဲက အမတစ်ယောက်ရဲ့ blog ဖြစ်နေတယ်။ ဘယ်သူလည်းတော့ မသိပါဘူး။ ဒါပေမဲ့ တစ်ကျောင်းထဲက ကိုယ့်နဲ့ အတန်းကြီး တော့ အမ ပဲပေါ့။ RIT ကျောင်းသူတစ်ယောက်ရဲ့ ဘ၀ ကိုပုံပေါ်အောင်ရေးထားသာ ကြိုက်လို့ ပြန်လည် ကူးယူ ဖော်ပြပါတယ်။
http://laynuaye.blogspot.com/2008/07/rit.html
ပထမနှစ်
LCR(မိန်းခလေးများနားနေခန်း) ကနေ တက်ရမယ့် အခန်းကို ချောင်းကြည့်လိုက်တော့ အတော်လန့် သွားသည်။ ကော်ရစ်ဒါ ဟိုဘက်ဒီဘက်မှာ ကြိတ်ကြိတ်တိုး စည်ကားနေသည့် ယောင်္ကျားလေးတွေ။ RITမှာ ယောင်္ကျားလေးဒီလောက်ပေါတယ်ဆိုတာ ခုမှတကယ် ယုံတော့သည်။ တချို့ က ပြုံးပြုံး၊ တချို့ ကသွားအဖြဲသား၊ တချို့ ကျပြန်တော့ အိုက်တင်အပြည့်နဲ့  ခပ်တည်တည်၊ တချို့ က ကဗျာသမား စာသမားလို ကြေကြေကွဲကွဲ။ ဒီလူအုပ်ကြားထဲကနေ အတန်းရှိရာသွားဖို့  အားလုံးက ခြေရွံ့ နေကြသည်။
အဆောင်သူ အချို့ က ငိုမဲ့မဲ့။ DAYကျောင်းသူတွေလဲ မျက်နှာငယ်လေးတွေနှင့်။ အချိန်စောရောက်မှ ရှေ့ ဆုံးတန်းက နေရာရမည်။ ဒီတော့ ကြောက်နေလို့ မဖြစ်။ အားလုံးမျက်နှာက အတင်းအားတင်းပြီး ခြေလှမ်းပြင်သည်။ ကနွဲ့ ကလျ လှမ်းနေလို့ ကတော့ ပိုစနောက်စရာဖြစ်မည်။ ဒီတော့ ခပ်သွက်သွက်လှမ်း။ မျက်တောင်လေးချ ကြောက်ရွံ့ နေပြ လို့ ကတော့ အနီးကပ်စဣူမြားပစ်မှတ်။ ဒီတော့ ခပ်တည်တည်နဲ့  ရှေ့ တူရူကြည့်။ မ၀င့်မရဲ မခို့ တရို့ လုပ်နေလို့ ကတော့ နောက်ဆုံးတန်းမှာ ထိုင်ပေတော့။ နင်လဲလူ၊ ငါလဲလူ ယောင်္ကျား၊မိန်းမ ဘေးချိတ်။ အဲဒီလို စိတ်က ခုလို ပထမနှစ်မှာပဲ မဖြစ်မနေမွေးခဲ့ရသည်။
ရှေ့ က မျက်မှန်ထူထူနဲ့ အတန်းတူ မိန်းခလေးကို ပြောင်စပ်စပ်မျက်မှန်နဲ့ လူက စာလိုက်ပေးနေသည်။ ဘေးက အားပေးသံတွေက ဆူဆူညံညံ။ အဲဒီလူပဲ ဟိုတနေ့ က ကားပတ်ကင်မှာ နာမည်ကြီးသည့် မျက်မှန်နှင့် ကောင်မလေးကို အသဲအသန်ကြွေပြနေခဲ့သည်။ သက်သက် သူနဲ့ ပုံစံတူ မျက်မှန်လေးတွေကို ရွေးနောက်သည်။ မျက်မှန်နဲ့ မိန်းခလေးက ခြေလှမ်းမပျက်။ မရယ်မပြုံး။ ရှက်ကိုးရှက်ကန်းလဲ မဖြစ်။ ဒါမှRITကျောင်းသူအစစ်။
Tပေတံနဲ့  ဟိုပြေးဒီပြေး အတန်းပြောင်းတော့ ရှေ့ ဆုံးတန်းမှာ No Lady first. အရင်ရောက်၊ အရင်ထိုင်။ တခါတလေတော့ ရေများရေနိုင်။ မီးများမီးနိုင်။ နှစ်ယောက်လောက်ကတော့ မိန်းခလေးတွေ မတိုင်ပင်ပဲ ပညာပေးတော့ အစွန်ဆုံးထိုင်နေတဲ့ gentlemenတွေ ခုံပေါ်ကပြုတ်ကျ။ ဟုတ်ကဲ့။ ဘ၀ပေး အခြေအနေ အရ ပထမနှစ်မှာပဲ ယောင်္ကျားလေးတွေ
နဲ့ ရင်ဘောင်တန်းနိုင်အောင် လေ့ကျင့်ခဲ့ရတာ RITကျောင်းသူပါ…။
****************************************
ဒုတိယနှစ်
“ရှင်ဘယ်လို ဖြစ်နေလဲ…မော်ကွန်းထိန်းတိုင်လိုက်ရမလား”
“ရပါတယ်…ညီမရက်စက်နိုင်ရင် ကိုယ်ကိုယ်တိုင် မော်ကွန်းထိန်းဆီ လိုက်ပို့ ပေးမယ်”
“ကဲ..ဒါဆိုလာ…မော်ကွန်းထိန်းဆီ ခုသွားမယ်”
“ဟဲဟဲ…နောက်နေ့ မှနော်…ကိုဒီနေ့  projectကိစ္စအရေးကြီးနေလို့ ”
ဒီလို သွေးတိုးစမ်းသူတွေနဲ့ ကျတော့ ဒုတိယနှစ်မှာ ပိုအရေထူလာသည်။
“ဟဲ့…မိတ်ဆက်ပေးရဦးမယ်…သူက စည်သူတဲ့..နင်တို့ RITကပဲ…သူကတော့နင့်ကို မသိဘူးတဲ့...ယုံပါတယ်…တချိန်လုံးတို့ ကျောင်းပဲ လာနေတာ”
Rollချင်းကပ်၊ LABလဲတူ၊ Drawingလဲတခန်းထဲ…ဒါနဲ့ တောင် မသိဘူးလို့ 
ဗြောင်လိမ်တတ်ပြီး “တွေ့ ရတာ ၀မ်းသာပါတယ်” ဆိုတဲ့သူတွေကိုလဲ ဒုတိယနှစ်ရောက်တော့
အတော်အထာနပ်လာသည်။
ပထမနှစ်က သိပ်မသွားရဲသည့် ကန်တင်းကို ဒုတိယနှစ်ကျတော့ ခြေလှမ်းစိတ်လာသည်။ အဆောင်သူလေးတွေ Dinnerမှာ သီချင်းဆိုရုံတင်မက တချို့ က လူရွှင်တော်တောင် လုပ်လာသည်။ တချို့ ကာတွန်းပညာရှင် မိန်းခလေးတွေ ကာတွန်းBOXမှာ လက်စွမ်းပြလာသည်။ ကဗျာစာအုပ်လေးတွေမှာ မိန်းခလေးကလောင်သစ်လေးတွေ
တိုးလာသည်။
Rollလုပွဲတွေ ကြောင့် တော်တော်များများ ကျောင်းသူတွေ စာမေးပွဲနီးလျှင် မျက်နှာမှာ သနပ်ခါးမတင်အား။ Library၊ Workshop၊ Drawing ခန်း ဟိုပြေးဒီပြေးနဲ့  ဒေါက်ဖိနပ်တွေက ဖိနပ်စင်ပေါ်မှာ လုံးလုံးအနားရသွားသည်။ မေဂျာခွဲမယ့်နှစ်ဆိုတော့ အားလုံးစာအုပ်တွေထဲ ကျွမ်းပစ်ရသည့် ဒုတိယနှစ်။
****************************************
တတိယနှစ်
မေဂျာချင်းတူတော့ ယောင်္ကျား၊မိန်းမတွေမေ့။ မေဂျာသွေးက စကားပြောလာသည်။ အထူးသဖြင့် မေဂျာ ဘောလုံးပွဲတွေမှာ။ ကိုယ့်မေဂျာအတွက် အားပေးရင်း အသံတွေပြာ။ လက်တွေနာ။ ကမ္ဘာ့ဖလားထက် ရင်ပိုခုန်သည်။ အတန်းထဲက မိန်းမအဆန်ဆုံးQueenလေးပင် RITကျောင်းသူဇာတိပြကာ အော်ဟစ်အားပေး။ ကိုယ့်မေဂျာ နိုင်တော့ မော့မော့။ ကိုယ့်မေဂျာရှုံးတော့ အနိုင်ရမေဂျာအတန်းရှေ့ က မဖြတ်။
ပေပေတေတေ သူငယ်ချင်းတချို့  ဖဲရှုံးလို့  ပိုက်ဆံချေးရသည်။ ကြိတ်ကြွေသူငယ်ချင်း
တချို့ ရင်ဖွင့်သံကို ကန်တင်းမှာ ထိုင်ရင်းနားထောင်ပေးရသည်။ မိန်းထဲက အသဲကွဲဇာတ်လမ်းတွေကတော့ စာရေးဝါသနာပါသူတွေ အတွက် ကုန်ကြမ်း။ ကဗျာစာအုပ်တွေ အတူထုတ်။ တတိယနှစ်မှာ RITနဲ့  တဖြေးဖြေးအသားကျလာတော့ မိန်းမဆန်မှုတွေက လျော့လျော့လာ။
****************************************
စတုတ္ထနှစ်
သဇင်သူတွေ သဇင်ကို အလွမ်းသယ်ကြသည့်နှစ်။ ပုပ္ပား၊ဒူးယား၊အင်းလေး၊စည့်ကူ က လူပျိုသိုးတွေ ပထမနှစ်၊ ဒုတိယနှစ်သဇင်သူလေးတွေဆီ လျှောက်ပြန်သံပေးဖို့  စတုတ္ထနှစ်သဇင်သူတွေက ပေါင်းကူး။
ခရေပင်လမ်းပေါ်မှာ ကချင်လွယ်အိတ်တလုံးနဲ့  ကဗျာတပုဒ် ကာရံရှာတဲ့အခါရှာ…Libraryထဲမှာ စာတပုဒ်ကို ငြင်းခုန်တဲ့အခါငြင်း….နွေးအေးမှာ သီချင်းလေးတွေနဲ့ အတူ လွင့်မျောတဲ့အခါလွင့်မျော… ရှပ်အင်္ကျီခပ်ပွပွတထည်… ဒါမှမဟုတ် ဗမာအင်္ကျီခပ်ပွပွတထည်ဝတ်ထားတတ်တဲ့ မျက်နှာမှာ သနပ်ခါးမရှိတဲ့မိန်းခလေး တယောက်ယောက်များတွေ့ ခဲ့ရင် အဲဒါ စတုတ္ထနှစ်RITကျောင်းသူပါပဲ။
အတန်းထဲက သူငယ်ချင်းတွေကတော့ ဒီလောက်နှစ်အကြာကြီး ရင်းနှီးလာတော့ အမလို… ညီမလို… မောင်လို… အကိုလို… ကျောင်းကို ဆွေမျိုးတွေ အများကြီးနဲ့ နေရတဲ့ အိမ်လို ရင်းနှီးလာတဲ့ စတုတ္ထနှစ်။ တနေ့ တခြား ခက်ခဲလာတဲ့ စာတွေကြားထဲမှာ စာအုပ်ကို တနေကုန် ထိုင်ပြီး တစိမ့်စိမ့်ကြည့်ရတဲ့ စတုတ္ထနှစ်။
****************************************
ပဉ္စမနှစ်
မစန္ဒာရဲ့  ဂျီဟောသူ။ ကဗျာမဆန်တဲ့ ခြေလှမ်းတွေ… ဟန်ဆောင်မှုကင်းတဲ့ ရယ်မောသံတွေ… ဆေးရောင်မခြယ်တဲ့ သဘာဝမျက်နှာ… မာယာကင်းတဲ့ မျက်ဝန်းအကြည့်တွေနဲ့ … … ပြီးပြည့်စုံတဲ့ ဂျီဟောသူအလှ။
ပကာသနအလှကိုသာ ခံစားပြီး သဘာဝတရားကို မေ့လျော့နေသူတချို့ က ရက်ရက်စက်စက် နာမည်ပေးရက်တယ် “ဘီလူးကျွန်း”တဲ့။ RITကျောင်းသူတွေ အရုပ်ဆိုးကြတယ်တဲ့။ နူးညံ့တဲ့ခြေလှမ်းတွေ… မခို့ တရို့ အကြည့်တွေ… မပွင့်တပွင့်အပြုံးတွေ… တိုးညှင်းညှင်းစကားသံတွေ… ရှက်ကိုးရှက်ကန်းအမူအရာတွေ…ဒါတွေဟာ
မိန်းမတယောက်ရဲ့ အလှတရားလို့  သတ်မှတ်ခဲ့ရင်တော့…RITကျောင်းသူတွေ ရုပ်ဆိုးပါသည်။
ပွင့်လင်းရိုးသားမှုတွေကို့ အလှတရားလို့  သတ်မှတ်ခဲ့ရင်တော့… RITကျောင်းသူတွေ အတော်လှပါသည်။
“အချိန်မရှိတော့ဘူး… ကျောင်းပြီးဖို့  တနှစ်ပဲလိုတော့တယ်…ငါ့ကို အဖြေပေးတော့ဟာ”
“ဘယ်လိုမှမအောင့်မေ့ပါနဲ့ ဟာ… ငါနင့်ကို နဲနဲလေးမှစိတ်ဝင်စားလို့  မရလို့ ပါ… ငါဘယ်နှစ်ခါပြောရမလဲ”
အဲဒီလို ပွင့်လင်းစွာ ရဲရဲတင်းတင်း ငြင်းတတ်ကြသလို…။
“နင် ဖဲဘယ်လောက်ရိုက်သလဲ ငါသိတယ်… နင် အရက်ဘယ်လောက်သောက်သလဲ ငါသိတယ်… ငါနဲ့  ချစ်သူဖြစ်ရင်တော့ ဆက်လုပ်ရဲလုပ်ကြည့်… ”
အဲဒီလို ဘုဘောက်နဲ့  ကဗျာမဆန်စွာ အဖြေပေးတတ်ကြသည်။
ဒါကြောင့်ပဲ တချို့ က “ဘယ်လိုမှ ရင်ခုန်လို့  မရဘူး…သူတို့ နဲ့ စကားပြောရင်
သူတို့ မိန်းခလေး ဆိုတာတောင် မေ့နေတယ်…ယောင်္ကျားတွေလိုပဲ” တဲ့။
****************************************
ဆဌမနှစ်(သို့ ) နောက်ဆုံးနှစ်
အမြဲလို တက်ကြွနေတဲ့ ခြေလှမ်းတွေက နှေးကွေးသွားသည်။ ဆွဲဆန့် လို့  မရတဲ့ ကျောင်းသားဘ၀ရဲ့ နောက်ဆုံးနေ့ ရက်တွေ။ အရင်က ကြည့်မရတဲ့သူတွေနဲ့ တောင် ဆက်ဆံရေးတွေ ကောင်းမွန်။ RITကျောင်းသူတယောက်ရဲ့  အနူးညံ့ဆုံးနှစ်…။
စာအုပ်ရှေ့ ချပြီး ခပ်ငေါင်ငေါင်ဖြစ်တဲ့အခါ ဖြစ်…။ Projectနဲ့  ဦးနှောက်စားရင်းကပဲ ကဗျာတပိုင်းတစကို ချချရေး…။ လွမ်းတတ်တာက သဘာဝပဲလေ။
ဂျီဟောရှေ့ မှာ… ခရေပင်လမ်းမှာ… Lဆောင်နံဘေးမှာ… ကားပတ်ကင်မှာ… နွေးအေးမှာ… နောက်ဆုံးနှစ်ကျောင်းသူတချို့  လက်တွဲဖေါ်ချစ်သူနဲ့  စာတပုဒ်ကို ဆွေးနွေးတဲ့အခါဆွေးနွေး… ဘ၀ရှေးရေးကို တိုင်ပင်တဲ့အခါတိုင်ပင်… ချိန်ခွင်ညှာငြှိ။ ကြိတ်ကြွေတို့ အသဲကွဲသံကို လက်ဘက်ရည်တခွက် အေးစက်စက်ဖြစ်တဲ့အထိ ဘော်ဒါအရင်းကြီးတွေမို့  ဒုက္ခခံနားထောင်ပေးရတာလဲရှိ။ စာရှင်းကောင်းတဲ့ သူငယ်ချင်းကို ကွမ်းတယာ လာဘ်ထိုးပြီး စာရှင်းခိုင်း။ အရက်နာကျပြီး မရှုနိုင်မကယ်နိုင်သူတွေကို လွတ်သွားတဲ့စာတွေ ပြန်ရှင်းပြ။ ကဗျာစာအုပ်လေးတွေကိုင်ပြီး ဟိုအတန်းရှေ့ မယောင်မလည် ဒီအတန်းရှေ့ မယောင်မလည်နဲ့  ကဗျာစာအုပ်ရောင်းနဲ့ …ခါတိုင်းနှစ်တွေထက် ပိုအလုပ်ရှုပ်တဲ့ နောက်ဆုံးနှစ်RITကျောင်းသူ။
ဆရာမလာသေးခင် အတန်းထဲမှာ ဘ၀ရည်မှန်းချက်ဆွေးနွေး။ ဟိုးအဝေးနိုင်ငံရပ်ခြားမှာ ဘွဲ့ လွန်ယူနိုင်ဖို့  မျက်တွင်းဟောက်ပက်နဲ့  အိပ်စက်ဖို့ မေ့လျော့နေသူ… ဆရာမပြန်လုပ်မယ့် ရည်ရွယ်ချက်နဲ့  Noteကောင်းကောင်းလေးတွေ စုစောင်းနေသူ… လူအများကြီးကို အုပ်ချုပ်ရတဲ့ အင်ဂျင်နီယာကြီးဖြစ်ဖို့  လေ့လာကြိုးစားနေသူ… ကွန်ပြူတာပညာရှင် အရူးအမူးဖြစ်ချင်သူ… တယောက်ရည်မှန်းချက် တမျိုးနဲ့  ဘ၀ထဲတာထွက်ဖို့  စောင့်နေကြတဲ့ နောက်ဆုံးနှစ်RITကျောင်းသူ။
အသစ်သစ်ရောက်လာတဲ့ RITကျောင်းသူ မျိုးဆက်သစ်လေးတွေက အချိန်စီမံခန့် ခွဲမှု အတော်ကျွမ်းပုံရသည်။ စာမေးပွဲနီးတဲ့အထိ လှလှပပ ကြွကြွရွရွ။ နောက်ဆုံးနှစ်မမတွေ ပြန်ပညာယူချင်လာတဲ့ အထိ။ သူတို့ လေးတွေရဲ့ နုနယ်ပျိုမျစ်ခြင်းတွေကိုတွေ့ တော့ ပထမနှစ်က ထမီတိုတိုနဲ့  အတန်းပြောင်းရသည့် မအူမလည်ဘ၀တွေ လွမ်းသည်။
တကယ်တော့ RITကျောင်းသူတွေက စွယ်တော်ပန်းလေးတွေနှင့်တူသည်။ လေဒဏ် မိုးဒဏ် ကြံ့ကြံ့ခံနိုင်သော တောရိုင်းစွယ်တော်လို… သူ့ အဆင်း သူ့ ရနံ့ နှင့် သူ့ ပတ်ဝန်းကျင်ကို အလှဆင်နေသည့် ပန်းတပွင့်…တကူးတက ယုယပြုစုစရာမလို ကိုယ့်အားကိုယ်ကိုးလို့  ငွားငွားစွင့်စွင့် ပွင့်လန်းတတ်သည့် ပန်းတပွင့်… ပန်းမဆန်စွာ အကြမ်းခံသည့် ပန်းတပွင့်… အဲဒီလို ပန်းတပွင့် ဖြစ်ခွင့်ရခဲ့တဲ့ ဘ၀ကို အမြဲလွမ်းဆွတ် ကျေနပ်နေဦးတော့မည်။
အနေမြတ်ခဲ့တဲ့ဆရာ...
စေတနာ ချစ်ခြင်းတွေနဲ. မြစ်တစ်စင်းရဲ. ကမ်း ပမာ ..
ရေစီးက မြေကြီးကို ၀ါးမျို
ကမ်းပါးဖြိုပိုလေ လှိုင်းရိုက်
အတိုက်ခံအတင်းခံရင်းကျေနပ် ...
အနေမြတ်ခဲ့တဲ့ဆရာ...
ပင်လယ်ပြင်စီးဆင်း ခရီးပြင်းနှင်သမျှ -
အစဉ်သာ ပညာ ဆိုတဲ့ ဆရာ့ရဲ.တန်ဖိုး
သူ.ရင်ထဲမှာ ဆရာ ငါ့ရင်ထဲမှာဆရာ
...မြစ်အစင်းစင်းတို.ရဲ.ချစ်ခြင်း ကမ်းပါးပေမို.
အခါခါ ဦးချ ဂါရ၀ါတွေနဲ.
တပည့်အပေါင်းက - ထာဝရရှိခိုး ။
မောင်စိန်ဝင်း (ပုတီးကုန်း) from RIT
အပျံသင်နေကြသူများ
                       ဖြူဖြူပြာပြာ  တူညီဝတ်စုံတွေနဲ့
                       ကလေးစိတ်လည်းမပျောက်
                       လူကြီးအရာမြောက်အောင်လုပ်ထားရတဲ့
                       ခင်မင်လေးစားရပါသော..."T"  တွေ
                       သီအိုရီ နဲ့ကိန်းဂဏန်းတွရဲ့နှိပ်စက်မှာကို
                       အားရပါးရပေါင်းသင်းနေရတဲ့    "  Bookman" တွေ
                       ကျောင်းတော်ကြီးရဲ့လှေကားထောင့်တွေမှာ
                       Cupid    ရဲ့မြှားဆိပ်မည်မျှပြင်းကြောင်း
                       လေ့လာဆန်းစစ်နေတဲ့     သစ္စာပန္နက်ရိုက်သူတွေ
                       ကင်တင်းရဲ့အကြွေးစာရင်းကို
                       ထူသထက်ထူအောင်    ပြုစုရေးသားကြတဲ့
                       လိုငွေပြသူတွေ
                       ဘ၀နဲ့ရင်းထားတဲ့တားမြစ်ပစ္စည်းနဲ
                       နတ်စည်းစိမ်ကိုခံစားချင်သူတွေ
                       ကျောင်းမှားတက်လာကြသူများရဲ့    ”ဒို- ရေ-မီ-ဖာ”   ရစ်သမ်တွေရေ.....
                       အတောင်စုံလို့ပျံသန်းကြတော့မယ့်အခါ
                       ကျောင်းတော်ကြီးမှာရှင်သန်နေမယ်
                       မိုးသံလေသံကြားက စကားသံများ
                       ပူလောင်ခြောက်သွေ့မှုကြားက   ခြေသံလေးများ
                       အနာဂါတ်အတွက်မောင်းနှင်အားတော့ဖြစ်ပါစေကွယ်..............။
                                                                         ခွန်စင်ကြယ်( မြိတ်သူလေး)
ကျောင်းပိတ်၇က်
>မြူကပဲ  မွဲတာလား
 နှင်းကပဲ  ဖွဲတာလား
 မအေးနိုင်ပဲ  နွေးနေတတ်တာ
 အတွေးတွေနဲ့  ဆွေးလို့ပေါ့...
>အိပ်မ၇လဲ
 ပျော်အောင်တော့အိပ်ခဲ့တာမို့
 ထင်း၇ူးပင်တန်းနဲ့ငါတို့ကျောင်
းအ၀င်လမ်း
 မှန်းပြီးအိမ်မက်မက်စမ်းချင်
 မနိုးချင်အောင်ဆိုးလိမ့်မယ်...
>ကန်တင်းမှာ   ငြင်းခဲ့တဲ့
 စကားတင်းဆိုပွဲလား.......
 ကျောင်းလမ်းမှာ  ညိုခဲ့တဲ့
 သူ့အပြုံးချိုချိုလား
 အတန်းထဲမှာ   လင်းခဲ့တဲ့
 ဆ၇ာမတွေ၇ဲ့စေတနာအလင်းလား
 လွမ်းတော့လွမ်းမိနေတယ်...
>လွမ်းဟောင်းပေါ်  လွမ်းသစ်တင်လို့
 ဆင့်ကာဆင့်ကာ လွမ်းနေသေးတော့
 တစ်ခါ တစ်ခါ ပြုံး၇င်တောင်
 အသက်မပါချင်ဘူး။
ခင်ခိုင်(Y-T-U)
"အိမ်မက်လိုလိုတက္ကသိုလ်"
နေခြည်သစ်လောင်း ၊နွေသို့ပြောင်းသော်
ရွက်ဟောင်းညှာကြွေ ၊ ရွက်သစ်ဝေနှင့်
ဥသြသီဆို ၊တေးသံချိုကို
မြင်ရကြားရ ၊ကြည်နူးရ၏
အိမ်မက်လိုလိုတက္ကသိုလ်
မိုးတိမ်တိုက်မြင် ၊ လျှပ်ပန်းဆင်သော်
မိုးရည်ဖြန်းပက် ၊ ပန်းတစ်ခက်နှင့်
ပိတောက်တစ်ခင်း ၊ ရောက်စုံကျင်းသို့
နုနယ်လှပ ၊ မြတ်နိုးရ၏
အိမ်မက်လိုလိုတက္ကသိုလ်
နွေကုန်မိုးဖြစ် ၊  တစ်ဆောင်းသစ်သော်
မြုခိုးမြူမှုန် ၊ ပန်းနံ့စုံတို့
ထုံသင်းပြန့်ဖြူး ၊ ပီတိမြူးနှင့်
စိတ်ဝယ်နှလုံး ၊ လန်းရွှင်ပြုံး၏
အိမ်မက်လိုလိုတက္ကသိုလ်
မိုးထဲရေထဲ ၊ နှင့်ငွေ့ထဲတွင်
နုနယ်လှပ ၊ ၀င့်ထည်ကြွ၏
မျှော်ကာမှန်းဆ ၊ တမ်းလျက်တ၏
အိမ်မက်လိုလိုတက္ကသိုလ်။       
အမည် - မောင်ဖုန်းမြင့်ကျော် 
(Thanlyin Technological University)
နှင်းကွဲချိန်
ဒီနေရာမှာ ခြေစချကတည်းက
ငါ့ရင်ထဲ စမ်းချောင်းလေးတစ်ခု
ညင်ညင်သာသာ ဖြတ်စီးသွားခဲ့တာ...
မျှော်လင့်ချက် တစ်ပုံတစ်ပင်ထမ်းပိုးလို့
ခြေလှမ်းတွေ မ၀ံ့မရဲနဲ့
ဇန်န၀ါရီ  နှင်းဇွဲဖွဲထဲ
ပျော်ရွှင်ခြင်းတွေ သဲသဲမဲမဲ ရွာချခဲ့တာ...
အရောင်တောက်တောက် မျက်လုံးတွေ
သန့်စင်တဲ့ ရယ်သံတွေ
မျက်စောင်းလှလှလေးတွေက
မြက်ခင်းစိမ်းစိမ်းနဲ့
ပဲစင်းငုံပွင့် ၀ါဝါလေးတွေကြား
ခင်းကျင်းလို့
ငယ်ငယ်က အီပ်မက်တွေ
လတ်ဆတ်ခဲ့ရာ နေရာ...
ရေတမာစည်းရိုးကြား
လမ်းသွယ်လေးမှာတော့
နွေးထွေးခြင်း ကြည်နူးခြင်းလက်တွေ အကြောင်း
ခြေလှမ်းစိတ်စိတ်လေးတွေက သက်သေခံလို့
တက်ကြွ ထက်မြက်ခြင်းတွေ အကြောင်း
ငြင်းခုံခဲ့ရာ နေရာ...
အဆောင်ရှေ့က
ပိတောက်ပင်အောက်မှာတော့
သူငယ်ချင်းများစွာ
ဒီဇင်ဘာည နဲ့
ပုံရိပ်ဟောင်း... သီချင်းတွေက
ကျောင်းဝန်းကျင်တစ်ဝိုက်
ဖြန့်ကျတ်လို့
အသည်းကွဲတဲ့ သူလည်းရှိရဲ့
အသည်ခွဲခဲ့ သူလည်းရှိနဲ့
ငါ... အသည်းကွဲခဲ့တဲ့နေရာ...
ကျောင်းရှေ့ လက်ဖက်ရည်ဆိုင်
ဗန်ဒါပင်အောက် ခုံဝိုင်းလေးတွေမှာတော့
စာပေ၊ ဂီတ၊ အချစ် နဲ့ ဘောလုံးပွဲ
ပွက်ပွက်ကို ညံလို့
မစန္ဒာရဲ့ ဂျီဟောသူ အကြောင်း
ငါပြောကြခဲ့ရာနေရာ...
အခု ငါ ဒီနေရာမှာ ခြေစုံရပ်
ငါ့ကို ဘယ်သူမှမသိကြတော့ဘူး
ငါကလည်း ဘယ်သူ့ကိုမှမသိတော့ဘူး
ဒီလိုနဲ့ နောက်ပြန် အလှည့်
ဒီရင်တဲက စမ်းချောင်းလေး
ဘောင်ဘင်တွေ ခတိလို့...။
နွယ်ငြိမ်းအေး(IT)
မနေခြည်ထွန်း
ME(IT)
နည်းပညာတက္ကသိုလ်
မိတ္ထီလာမြို့။
မက်ကယ်နီကယ်ဝိုင်း
မက်ကယ်နီကယ်ဝိုင်း
တိမ်စင်တွေအူံ့မှိုင်း... လေရိုင်းတိုက်တဲ့ညနေ.....
နဲနဲနဲ့...... အမြဲအမြဲ မူးကြတာမို့......
မင်းလည်း အန်ပြီ ငါလည်း အန်ပြီ......
ငါတို့အဖွဲ့က MP............
တိတ်တိတ်လေးပါပဲ..... ကြိတ်ကြိတ်ပြီးဝိုင်းတဲ့ ဖဲ.........
အိမ်တကာရှုံးတဲ့ လာဘ်နဲ့
ထမင်းကနပ်မမှန်ကျောင်းလခ ကြွေးကျန်
အမေပေးတဲ့ရွှေလက်စွပ်.........
သားခဏချွတ်ရတယ် ........
အိမ်အပြန်အမြန်ရွေးချင်လို.
ပွတ်ခါကြည့်လိုက်မယ် ..
ကုလားနဲ.ကိုး ...
အမြင်မှာ များပေတယ်
့်
ပါဝါနဲ. ရှုံးခဲ့ရတယ်
ခွက်လန်တဲ့ ပွဲ ။ ။
(MP = mechanical power)
လွမ်းမိခြင်းများ ၂
လွမ်းမိခြင်းများ (၁)
လွမ်းမိခြင်းများ
Roll-call ရတာနဲ့
နောက်ပေါက်က ခုန်ဆင်းတဲ့
8-1-1 theatre ကိုလွမ်း
ကြမ်းပေါ်မှာ ဖဲရိုက်ကြတဲ့ ကျောင်းကားကိုလွမ်း
တစ်နေကုန်ထိုင် ကုန်းဆင်းသောက်တဲ့
ဒေါ်လေးရဲ့ မဟာနွယ်ကို လွမ်း
အတန်းမတက်ဘဲ အခန်းထဲဝင်အခွေကြည့်လို့ရတဲ့
အန်တီချစ်ရဲ့ ချစ်ချစ်ကိုလွမ်း
တိုက်ပုံအပြာရောင်ဝတ်တဲ့
နွဲ့နွဲ့နှောင်နှောင်းနဲ့ ငါတို့ ပါချုပ် ကိုလွမ်း
ဆိုင်ကယ်တကားကားနဲ့
မော်ကွန်းထိန်းကိုလွမ်း
မူးပြီးရမ်းကြတဲ့ M3 ကိုလွမ်း
မျောက်ရှုံးအောင်ဆော့ကြတဲ့
ကန်တော်ကြီးနဲ့ တိရစ္ဆာန်ရုံကစားကွင်းကိုလွမ်း
အပြင်သွားရင်လူစုဖြစ်တဲ့
Goody's ကအထပ်ခိုးကိုလွမ်း
အုပ်စုလိုက်ဆူညံသောင်းကျန်းတဲ့ Spider net ကိုလွမ်း
လူစုံရင်သွားဖြစ်တဲ့ ကန်ဘောင်ကညနေတွေကိုလွမ်း
လက်စွမ်းပြဖူးတဲ့ ကျောင်းတုန်းက
ကဗျာစာအုပ်ကိုလွမ်း
မဟုတ်တာဆိုရင် လူသိပ်ညီတဲ့
ငါ့သူငယ်ချင်းတွေကို လွမ်း
ပြီးတော့ တိတ်တိတ်လေး စွဲလမ်းဖူးတဲ့
ကတ္တီပါဖိနပ်လေးကိုလွမ်း . . .
ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်(လှိုင်သာယာ) ကို တမ်းတရေးဖွဲ့ထားပါတယ် ။
For all friends,
yours EC-Roll 3 (2005)
ဂျီတီအိုင် ရုပ်ကြွင်းသစ်
ငါတို့က.........ဖြစ်တယ်။
သုံးရာ့နှစ်ဆယ်ခွဲတမ်းအရ
ဦးရဲမောင်ရဲ့ချက်မြှုပ်မှာ
ငါတို့က.........ဖြစ်တယ်။
နက်ပြာရောင်ဦးဂျမ်းများ
ဆောင့်ကြွားကြွားနင်းသွားတဲ့ မြို့လေးပေါ်မှာ
ငါတို့က..........ဖြစ်တယ်။
နှစ်စက တက်တက်ကြွကြွ
lecture စာအုပ်များ
ရာသီဝက်မှာတင် အောက်တန်းဆင်းတဲ့
ငါတို့က........ဖြစ်တယ်။
ချစ်စမ်းမောင်နီးပါး
ခင်မောင်သန့်နီးပါး
ခြောက်ကြိုးကဝေအသံများ
မြနန်းသိင်္ဂီရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်တဲ့
ငါတို့က..........ဖြစ်တယ်။
စနေ ၊ တနင်္ဂနွေ သဘောင်္ပေါ်က
အားလပ်ရက်များကို
ရှမ်းရိုးရာကရင်း အားလပ်ကြတဲ့
ငါတို့က..........ဖြစ်တယ်။
ခရက်စ်ပိုစီးသွားသော
အိုဝင်လေလျှော့သွားသော
လက်မှတ်ရစက်ဘီးများကို
ထောင်ဝင်စာမတွေ့နိုင်သေးတဲ့
ငါတို့က...........ဖြစ်တယ်။
ငါတို့က...........
အဆောင်စည်းကမ်း မသိကြပါ။
သောမတ်စ်အက်ဒီဆင် မသိကြပါ။
ငါတို့က............
ယောင်ပေပေနဲ့ တီတံကိုင်သော
စက်မှုကျောင်းသားများဖြစ်တယ်။
၂၀၀၅ ၀ါးခယ်မ ဂျီတီအိုင်ကျောင်းသားများ အမှတ်တရ